
လီဗာပူးအသင်းရဲ့ နယ်သာလန်နောက်ခံလူ ဗန်ဒိုက်ခ်ျဟာ ပြီးခဲ့တဲ့ရာသီက အထူးခြေစွမ်းပြခဲ့ပြီး ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ရုံသာမက ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးထက် တစ်မှတ်သာ လျော့နည်းခဲ့ရပါတယ်။ ဒါ့အပြင် နိုင်ငံနယ်သာလန်အသင်းကိုလည်း ယူအီးအက်ဖ်အေနေးရှင်းလိဂ်ဖိုင်နယ်ကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့ဗန်ဒိုက်ခ်ျရဲ့ အကောင်းဆုံး မှတ်တမ်းကတော့ ပြီးခဲ့တဲ့ရာသီက ဘယ်တိုက်စစ်ကစားသမားကမှ သူ့ကို လိမ်ခေါက်ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ခံစစ်ကစားသမားတစ်ယောက်အတွက် အရမ်းကို ဂုဏ်ယူစရာကောင်းလွန်းတဲ့ မှတ်တမ်းဖြစ်ပြီး ယခုအခါမှာတော့ ပြိုင်ဘက်တွေကို တစ်ဦးချင်း ထိန်းချုပ်နည်း လျှို့ဝှက်ချက်ကို ထုတ်ပြောလာခဲ့ပါပြီ။

Unisport နဲ့ အင်တာဗျူးမှာတော့ ဗန်ဒိုက်ခ်ျက ” ဒါဟာ အရင်က လမ်းကြားလေးတွေမှာ တစ်ယောက်ချင်း ဘောလုံးကစားခဲ့တဲ့ အကျိုးကျေးဇူးတွေပါ။ ကျွန်တော် ကလေးဘဝတုန်းက တစ်ဖက်၅ယောက်စီကစားရတဲ့ လမ်းဘေးပွဲလေးတွေကို သိပ်ကြိုက်ခဲ့ပါတယ်။ အဲ့ဒီမှာ ကျွန်တော်က တိုက်စစ်ကစားသမားတွေရဲ့ ခံစားချက်နဲ့ သူတို့ကို ဘယ်လိုထိုးနှက်ရမလဲဆိုတာ မြင်လာခဲ့တာ ဖြစ်ပါတယ်။ “

” ပရော်ဖက်ရှင်နယ်လ် ကစားသမားဘဝရောက်တော့လည်း ဒါတွေက အတွေ့အကြုံကောင်းတွေ ဖြစ်လာခဲ့ပါတယ်။ တကယ်လို့ မင်းက ခံစစ် ဒါမှမဟုတ် တိုက်စစ်ကစားသမားတစ်ယောက် ဖြစ်ချင်တဲ့ဆန္ဒ ရှိတယ်ဆိုရင်တော့ သူငယ်ချင်းတွေနဲ့ လမ်းဘေးမှာ ဘောလုံးကစားရတဲ့ အလေ့အကျင့်ကို မစွန့်လွှတ်လိုက်ပါနဲ့။ ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ဗန်ဒိုက်ခ်ျက ” အကောင်းဆုံး အကြံပေးချင်တာတစ်ခုကတော့ ကစားသမားကောင်းတစ်ယောက် ဖြစ်ချင်ရင် ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အလုပ်ကို ကြိုးကြိုးစားစားလုပ်ဖို့ပါပဲ။ ဒါဟာ ကျွန်တော်ရဲ့ခံယူချက်လည်း ဖြစ်ပါတယ်။ လူငယ်မျိုးဆက်သစ် ကစားသမားတွေလည်း ဒါကို လက်ခံကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ” လို့ အကြံပေးစကား ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။











