မက်ဆီကို ဘာ့ကြောင့် အရူးအမူးအားပေးရသလဲဆိုတာ ဖွင့်ဟလာခဲ့တဲ့ ဖက်ဒါးရား

 ကမ္ဘာကျော်တင်းနစ်ချန်ပီယံကြီး ရော်ဂျာဖက်ဒါးရားက သူ့အနေနဲ့ ဘာစီလိုနာအသင်းခေါင်းဆောင် အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီရဲ့ အဓိကပရိသတ်ဖြစ်နေရတဲ့ အကြောင်းရင်းနဲ့ပတ်သတ်ပြီး သူ့ရဲ့ အမြင်ကို ဖွင့်ဟလာခဲ့ပါတယ်။

အသက်၃၇နှစ်အရွယ် ဆွစ်ဇာလန် တင်းနစ်အကျော်အမော် ဖက်ဒါးရားက မက်ဆီအနေနဲ့ မြက်ခင်းစိမ်းပေါ်မှာ အခြေအနေ၃ခုထဲက ဘယ်အရာကိုမဆို လုပ်ဆောင်နိုင်ကြောင်း အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ ” ကျွန်တော် မက်ဆီကို အဓိက နျစ်သက်ရတဲ့ အကြောင်းအရင်းကတော့ သူဟာ ကွင်းအတွင်းမှာ ဘောလုံးရတာနဲ့ ပြိုင်ဘက်ဂိုးပေါက်ကို သေချာပေါက်ခြိမ်းခြောက်နိုင်တော့ဖို့ အရာအားလုံး ပြင်ဆင်ပြီးပါပြီ။ “

” သူဟာ ပြိုင်ဘက်အသင်းရဲ့ အန္တရာယ်ဇုန်ထဲကို ရောက်တာနဲ့ လူပေးမလား။ လိမ်ခေါက်မလား။ ကန်သွင်းမလား။ ဘာမဆို လုပ်ဆောင်နိုင်တဲ့ အရည်အချင်းနဲ့အမြင် သူ့မှာ အပြည့်အဝရှိပါတယ်။ ဒါမျိုး တော်ရုံကစားသမားတွေမှာ မမြင်ရနိုင်ပါဘူး။ ” လို့ ချီးကျူးခဲ့ပါတယ်။ ဒါဟာ ဖက်ဒါးရားအနေနဲ့ အသက်၃၂နှစ်အရွယ် မက်ဆီကို ပထမဆုံးအကြိမ် ချီးကျူးတာတော့ မဟုတ်ပါဘူး။

ဂရင်းစလင်း ချန်ပီယံဆုကို ကမ္ဘာ့စံချိန်တင် အကြိမ်၂၀အထိရယူထားနိုင်ခဲ့တဲ့ ဖက်ဒါးရားဟာ လီယွန်နယ်မက်ဆီကို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်ကြောင်း ချီးကျူးခဲ့ဖူးတာ ဖြစ်ပါတယ်။ ” မက်ဆီဟာ ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားလို့ မြင်ပါတယ်။ သူဘောလုံးကစားတာကို စောင့်ကြည့်ရတာနှစ်သက်ပြီး တစ်နေ့မှာ အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ဖို့ မျှော်လင့်ပါတယ်။ ” လို့ ဖက်ဒါးရားက ပြောကြားခဲ့ဖူးပါတယ်။

မက်ဆီဟာ လက်ရှိမှာတော့ နိုင်ငံအသင်းနဲ့အတူ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲ ဝင်ရောက်ဆင်နွှဲနေတာ ဖြစ်ပါတယ်။ မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်တွေမှာတော့ ခြေစွမ်းရော ရလဒ်ပါ မကောင်းခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာတော့ အချိတ်အဆက်မိလာကာ ဗင်နီဇွဲလားအသင်းကို အနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာတော့ မဟာပြိုင်ဘက် အိမ်ရှင်ဘရာဇီးအသင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားသွားရတော့မှာပဲ ဖြစ်ပါတယ်။

Design a site like this with WordPress.com
Get started