
ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ comeback ပွဲစဉ်တော်တော်များများကို ပရိသတ်တွေ ကြည့်ရှုခံစားလိုက်ရမှာပါ။ လီဗာပူးရဲ့ ဘာစီလိုနာကို အန်းဖီးလ်မှာ အနိုင်ယူခဲ့တဲ့ comeback ၊ စပါးအသင်းရဲ့ အေဂျက်ဇ်ကို အနိုင်ယူခဲ့တဲ့ comeback ၊ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ PSG ကွင်းမှာ တစ်ကျော့ပြန် အနိုင်ယူခဲ့တဲ့ comeback ပွဲတွေဟာ ပရိသတ်တွေကြားမှာ တသသ ပြောကျန်ရစ်ခဲ့ရတဲ့ comeback ပွဲစဉ်တွေပါပဲ။ ဒါပေမယ့် မနေ့က ကစားသွားခဲ့တဲ့ တောင်ကိုရီးယားပြည်တွင်းလိဂ်က ပွဲစဉ်တစ်ပွဲကိုတော့ မှီမယ်မထင်ပါဘူး။

တောင်ကိုရီးယားကလပ် ဂန်ဝန်းအသင်းနဲ့ ပိုဟန်စတီးလားစ်အသင်းတို့ဟာ ဘောလုံးပွဲကြည့်ရှုသူ ပရိသတ်တွေကို ဖျော်ဖြေမှုရသအပေးနိုင်ဆုံး ပွဲစဉ်တစ်ပွဲကို ဖော်ဆောင်ပေးခဲ့ပါတယ်။ နည်းပြကင်ဗြောင်ဆူးရဲ့ ဂန်ဝန်းအသင်းဟာ ပွဲကစားချိန် ၅၇မိနစ်အရောက်မှာ ပိုဟန်စတီးလားစ်အသင်းကို ၄ဂိုးပြတ် အရေးနိမ့်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း လုံးဝ စိတ်ဓါတ်မကျပဲ အကောင်းဆုံး ဆက်လက်ကြိုးစားကစားခဲ့ပြီး ၇၁မိနစ်အရောက်မှာတော့ ချိုဂျေးဝမ်က ချေပဂိုး တစ်ဂိုး ပြန်သွင်းပေးခဲ့ပါတယ်။
၈မိနစ်အကြာမှာပဲ ဂန်ဝမ်းနောက်ခံလူ ဗလန်တီနိုစီလစ်က ချေပဂိုးတစ်ဂိုးထပ်မံသွင်းယူပေးခဲ့ပြီး (၄-၂) ဖြစ်စေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ပွဲပြီးဆုံးတော့မယ်လို့ ထင်မှတ်ထားနေကြစဉ်မှာပဲ ပရိသတ်တွေ ထင်မှတ်မထားတဲ့ အပြောင်းအလဲတစ်ချို့ ဖြစ်ပွားခဲ့ပါတယ်။ နာကျင်အချိန်ပို ၆မိနစ်အထိ သတ်မှတ်ပေးခဲ့တဲ့ အဆိုပါ ပထမချေပဂိုး သွင်းယူပေးခဲ့တဲ့ ချိုဂျေးဝမ်ကပဲ ၉၀+၂ မိနစ်နဲ့ ၉၀+၄ မိနစ်တို့မှာ ၂ဂိုးဆက်တိုက် သွင်းယူပေးခဲ့ပြီး (၄-၄) စီ သရေရလဒ်ထွက်ပေါ်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

ပွဲပြီးဖို့ စက္ကန့်ပိုင်းလောက်ပဲ လိုပါတော့တယ်။ နောက်ဆုံးအပိုင်းအခြား အခိုက်အတန့်လေးမှာပဲ ဂန်ဝမ်းတိုက်စစ်မှူး ဂျန်ဂျိုဂွတ်က ဘောလုံးလောကရဲ့ အခမ်းနားဆုံး epic comeback တစ်ခုဖြစ်စေမယ့် အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ နောက်ဆုံးမိနစ်အနိုင်ဂိုးနဲ့အတူ ဂန်ဝမ်းအသင်းရဲ့ Chuncheon Songam ကွင်းကြီးထဲမှာလည်း ပရိသတ်ပေါင်းများစွာရဲ့ အောင်ပွဲခံတဲ့အသံတွေနဲ့ သောသောညံခဲ့ပါတယ်။

တကယ့်ကို မယုံကြည်နိုင်စရာကောင်းလွန်းပါတယ်။ ၄ဂိုးပြတ်အရှုံးကနေ နာကျင်အချိန်ပိုမှာ ၃ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ပရိသတ်တွေကို ဘောလုံးပွဲတစ်ပွဲက ပေးစွမ်းတဲ့ ရသကို ပြည့်ပြည့်ဝဝ ခံစားရစေခဲ့ပါတယ်။ ပရိသတ်တွေအနေနဲ့လည်း ဒီပွဲကို ဘောလုံးလောကရဲ့ အခမ်းနားဆုံး ပြန်လာနိုင်မှုလို့ သတ်မှတ်ခဲ့ကြပြီး ဂန်ဝမ်းအသင်းဟာလည်း သမိုင်းကောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

